Monday, September 10, 2012

ငါးသလဲထိုးအိုးကပ်

အရင်တစ်ပတ်က ဖဘမှာ သူများချက်စားတာမြင်လို့ လိုက်ချက်ဖြစ်သွားတာလေးပါ.. ကျားကျားကတော့ အကြွပ်ကြော်ကို ပိုကြိုက်တယ်.. အကြွပ်ကြော်က ဟင်းမဖြစ်ဘူးလေ.. ကြော်ရင်းစားရင်းနဲ့ ကုန်ရော.. ဟင်းဖြစ်အောင် အိုးကပ်လေးချက်စားပါတယ်.. ပင်စိမ်းလေးအုပ်ရရင် ပိုမွှေးမှာ.. မရှိတော့လဲ ရှိတဲ့နံနံပင်လေးပဲ အုပ်ချက်လိုက်တယ်.. မွှေးတော့မွှေးသား..

လိုအပ်သမျှ

ငါးသလဲထိုး
ကြက်သွန်ဖြူ + နီ + ဂျင်း
ငရုတ်သီးအရောင်တင်မှုန့် + နနွင်းမှုန့်
ခရမ်းချဉ်သီး
နံနံပင်
ဆီ + ငံပြာရည်

ငါးသလဲထိုးကို ရေစင်စင်ဆေးပြီး ဆား နနွင်းနယ်ထားပါ.. ကြက်သွန်တွေ ဂျင်းတွေကို ညက်အောင်ထောင်းထားပါ.. အိုးထဲဆီထည့်ပြီး ဆီပူလာရင် ထောင်းထားတာတွေထည့်ပြီး ငရုတ်သီးမှုန့် နနွင်းတို့နဲ့ဆီသတ်ပါ.. အနံ့လေးမွှေးလာမှ ခရမ်းချဉ်သီးထည့်ပြီး ငံပြာရည်နည်းနည်းဖြန်းပေးပါ.. ခရမ်းချဉ်သီးတွေကြေသွားမှ ငါးနယ်ထားတာထည့်ပြီး ရေနည်းနည်းထည့်ပေးပါ.. အိုးကိုမွှေရင် ကြေတတ်လို့ လှုပ်ရုံလေးလှုပ်ပေးပါ.. ရေခမ်းလာရင် နံနံပင်အုပ်ပေးပါ.. မီးလျှော့ပြီး အိုးကပ်နံ့လေး မွှေးလာတဲ့အထိ တည်ပေးပါ.. ငါးသလဲထိုးအိုးကပ်ရပါပြီ..


Wednesday, September 5, 2012

ငါးပဲငပိ



လိုအပ်သမျှ

တီလားပီးယားငါး
ပဲငပိအချို
ကြက်သွန်နီ
ဆား၊ နနွင်းမှုန့်
ဆီ

တီလားပီးယားငါးကို လေးပိုင်းပိုင်း ဆား နနွင်းနယ်ပြီး ကြော်ပါတယ်.. ဟင်းအနှစ်နဲ့စားမှာမို့ အရမ်းကြွပ်အောင် မကြော်ပါဘူး.. ကြက်သွန်နီကို အကွင်းလိုက်လှီးပြီး ဆီသတ် ပဲငပိလေးလောင်းထည့်ပြီး ရေနည်းနည်းခမ်းအောင် ချက်ပေးပါ.. ၃မိနစ်လောက်နေရင် ကြော်ထားတဲ့ငါးကြော်တွေပေါ် ဟင်းအနှစ်လောင်းပြီး စားလို့ရပါပြီ..




Tuesday, September 4, 2012

ကန်ဇွန်းရွက်ငပိကြော် (Sambal Kang Kong)




လိုအပ်သမျှ
 
ကန်ဇွန်းရွက်
ဆီ
ပုဇွန်ခြောက်မှုန့်
ဆမ်ဘားငရုတ်နှစ်
ကြက်သွန်ဖြူ

ကန်ဇွန်းရွက်တွေကို ခြွေပြီးရေစင်စင်ဆေးပါ.. ဆီအိုးတည်ပြီး ဆီပူလာရင် ကြက်သွန်ဖြူထောင်းထားတာထည့်ပြီး ဆီသတ်ပါ.. ပုဇွန်ခြောက်မှုန့်နဲ့ ငရုတ်နှစ်တွေထည့်ပြီး မွှေပေးပါ.. အနံ့မွှေးလာရင် ကန်ဇွန်းရွက်တွေထည့်ပြီး အနည်းငယ်နွမ်းအောင် ကြော်ပေးပါ.. စလုံးက ပင်လယ်စာစားသောက်ဆိုင်တွေမှာ အများစုစားလေ့ရှိတဲ့ ကန်ဇွန်းရွက်ငပိကြော်လေး ရပါပြီ..

Monday, September 3, 2012

မြီးရှည်


လိုအပ်သမျှ

ဝက်နံရိုး
နန်းလတ်မုန့်ဖတ်
ပဲငပိ (အချို + အငံ)
ပဲငံပြာရည်အပျစ်
ဆီတိုဖူး
ရှမ်းချဉ်
ကြက်သွန်ဖြူ
ကော်မှုန့်
ငရုတ်သီးခွဲခြမ်း
နှမ်း
ပဲပုတ်ပြား


ပထမဆုံး ၀က်နံရိုးတွေကို ရေနွေးပူနဲ့ဆေးပြီး ပြုတ်ပါမယ်.. ကြက်သွန်ဖြူကို ညက်ညက်ထောင်းပြီး ရေနွေးလောင်းထည့် ဆားနည်းနည်းထည့်ပြီး ဖျော်ထားပါ.. ဆီတိုဖူးကိုလဲ ရေနွေးနဲ့ဖျော်ထားရပါမယ်.. ပဲငပိကို အချိုနဲ့အငံရောဖျော်ထားပေးပါ.. ရှမ်းချဉ်တွေကို ပါးပါးစဉ်းထားပါတယ်.. ပဲပုတ်ပြားကို မီးကင်ပြီး ညက်အောင်ထောင်းထားပါတယ်.. ငရုတ်သီးခွဲခြမ်းနဲ့ နှမ်းကို ဆီပူလောင်းပြီး တစ်ခွက်စီပြင်ထားပါ.. ကော်ရည်ကျိုထားပါ.. အားလုံးအဆင်သင့်ဖြစ်ရင် ၀က်နံရိုးတွေလဲ နူးလောက်ပြီလေ.. အသားနွှင်ပြီး ပြုတ်ရည်နည်းနည်းလောင်းထည့်ထားပါ.. ပြုတ်ရည်ထဲကို ဂျင်းနည်းနည်း လှီးထည့် ငရုတ်ကောင်းမှုန့်ဖြူးပါ.. လွယ်ကူမြန်ဆန်ခံတွင်းမြိန်စေမယ့် မြီးရှည်စားလို့ရပါပြီ..