Sunday, May 17, 2020

Hokkien Mee

စလုံးမှာနေတုန်းက အရမ်းကြိုက်ခဲ့တဲ့ Hokkien Mee စားချင်တာနဲ့ ဒီနေ့ ကြော်စားကြည့်တယ်..

ပုဇွန်တွေကို ခေါင်းဖြုတ် အခွံခွာပြီး ခေါင်းတွေအခွံတွေကို ဆားနည်းနည်းနဲ့ ပြုတ်ပြီး အရည်စစ်ယူထား..

ဆီပူထဲ ကြက်သွန်ဖြူမညက်တညက်လေး ထည့်ကြော်.. မွှေးလာရင် ကြက်ဥခေါက်ထားတာ လောင်းထည့်ပြီး ကျေအောင်မွှေကြော်ပေး ဆားလေးနည်းနည်းထည့် .. ပုဇွန်တွေထည့်ကြော်.. ရဲလာရင် ခေါက်ဆွဲဖတ်နဲ့ နန်းလတ်ဖတ်ထည့် ပဲငံပြာရည်အကြည် ဆား သကြား ပုဇွန်ခွံပြုတ်ရည်ထည့်ပြီး အိလာအောင် ကြော်.. ပဲပင်ပေါက်လေးကို ချခါနီးမှ ထည့်မွှေပြီး မီးပိတ် အဖုံးလေးခဏအုပ်ထားလိုက်ယုံပဲ... အရည်စိုဖတ်ဖတ်လေးစားရတာ..

ငပိကြော်ထည့် သံပုရာသီးညှစ်စား ရှယ်ပါနော်

Saturday, May 2, 2020

လမ်းသရဲမုန့်

မှော်ဘီမှာကျောင်းတက်တုန်းက ကျောင်းရှေ့မှာ ခေါက်မုန့်ဆိုင်လေးရှိတယ်.. အဲ့ဆိုင်က ကီးမားဆိုတာ ကိုယ်တွေလမ်းသရဲမုန့်ခေါ်တဲ့ မုန့်ပဲ.. ကြွပ်နေအောင် ကြော်ပေးတာ အရမ်းစားကောင်းပဲ..

အခု လမ်းဘေးဆိုင်လေးတွေကလည်း ပိတ်တော့ အိမ်မှာလုပ်စားကြည့်တာ အောင်မြင်သွားလို့ ကြွားချင်ပါတယ်..

မုန့်နှစ်အတွက် ဆန်မှုန့်၂ခွက် (ဆန်ချင်ခွက်နဲ့) ရွှေလိပ်ပြာအကြော်မှုန့် ဟင်းဇွန်းနဲ့၂ဇွန်း baking soda လက်ဖက်ရည်ဇွန်းဖျားလေးနဲ့ကော် ရေ၄ခွက် ဆား အချိုမှုန့်တွေနဲ့ တစ်နာရီနှပ်ထားပါတယ်..

အစာပလာက ဂေါ်ဖီ ခရမ်းချဉ်သီး ငရုန်သီးစိမ်းကို ကြက်သားမှုန့် မဆလာတွေနဲ့ နယ်ပါတယ်.. ပဲပြုတ်ဝယ်ထားပါတယ်..

မုန့်နှစ်ရရင် non stick ဒယ်ပြားကို ပူအောင်တယ် မုန့်နှစ်ကို ယောက်ချိုနဲ့ မပြည့်တပြည့်ခပ်လောင်းပြီး ၀ိုင်းအောင် ဒယ်အိုးကို လှည့်ဖြန့်ပါတယ်... ပြီးရင် အစာတွေဖြူးထည့်ပြီး ဆီလိုက်ဖြန်းပေးပါတယ်.. ကြွပ်လာပြီး အနားသားတွေ ကြွလာမှ အသာထိုးကော်ပြီး ခေါက်ချိုးလိုက်ရင်တော့ စားလို့ရပ်ပြီးနော်..



မုန့်လင်မယား

စလုံးမှာနေတုန်းက မုန့်တွေစားချင်ရင် အလွယ်တကူ ၀ယ်စားလို့မရလို့ ကိုယ့်ဟာကိုယ် စမ်းလုပ်ရင်း အောင်မြင်သွားတာလေးတွေထဲက တစ်ခုပါ

ဆန်မှုန့်တစ်ဆ ရေနှစ်ဆ ဆား နနွင်းနည်းနည်း ကြက်သားမှုန့်တွေကို ဖျော်ပြီး နာရီဝက်လောက် နှပ်ထားတယ်.. ကြော်ခါနီးကျမှ ကြက်သွန်မြိတ်ပါးပါးညှပ်ထည့်ပါတယ်..

အိုးပူလာရင် ဆီထည့်.. ဆီကျက်ရင် ဖျော်ထာတဲ့အရည်ကို ခွက်တ၀က်လောက်လောင်းထည့်.. ပဲပြုတ်ထည့်.. ငုံးဥနဲ့လည်းရတယ်.. ကျက်ပြီး ကွာထွက်လာမှ ကော်ပြီး ထပ်ပေးပါ.. ဆီများများနဲ့ကြော်မှ ပိုစားကောင်းပါတယ်နော်.. နှမ်းလှော်ကိုဆားထည့်ထောင်းထားတာလေးနဲ့ တွဲစားရင် ရှယ်ပါပဲနော်..


Friday, May 1, 2020

ငါးထမင်းနယ်

ငါးထမင်းနယ်ကို ကိုယ့်စတိုင်နဲ့ ကိုယ်ထင်ရာလုပ်စားပြီး စားကောင်းလို့ မျှဝေပါတယ်.. 

ငါးကြင်းဖြူကို ချင်းနဲ့ပြုတ်ပြီး အသားနွှင်ထား..
အာလူးကိုလည်း ပြုတ် အခွံသင်ပြီး လှီးထား..
ခရမ်းချဉ်သီးကို ပြုတ် အနှစ်တိုက်ထား..
အရောင်တင်မှုန့်နဲ့ ဆီချက်နီချက်ထား..
ကြက်သွန်ဖြူနဲ့ ဆီချက်ဝါချက်ထား..
ပဲပုတ်ပြားကို မီးကင်ပြီးထောင်ထား..

ထမင်းနွေးနွေးလေးကို ပေါ်ကအမယ်တွေရယ်.. ဆား.. အသားမှုန့်ထည့်ပြီး စီးအောင်နယ် အလုံးလေးလုံးလိုက်တာပါပဲ.. ဂျူးမြစ် နံနံပင်တွေနဲ့ ပွဲပြင်ပါတယ်.. အရည်သောက်က ကြက်ခြေထောက်စွပ်ပြုတ်ပါနော်.. အားပေးကြပါဦး




ကြေးအိုး

ကိုယ်တို့လင်မယားက ကြေးအိုးဆိုရင် နေ့တိုင်းလည်းစားနိုင်တယ်လေ... ရန်ကုန်မှာဆို မစားဖူးတဲ့ နာမည်ကြီးကြေးအိုးဆိုင် မရှိသလောက်ပဲ... YKKO ရွှေယုန်လေး ရွှေနဂါး ယူဂျီးနီးယား ရွှေတောင်တန်း ကြေးအိုးဘုရင် အောင်မြင့်မိုရ် ဆိုင်တွေစုံအောင် စားဖူးတယ်... စလုံးမှာနေတုန်းက ကြေးအိုးဆိုင်ကောင်းကောင်းလဲ မရှိတော့ ကိုယ့်ဟာကိုယ်ပဲ ချက်စားဖြစ်တာများတယ်... ချက်ရတာလဲ သိပ်မခက်လှဘူးဆိုတော့ ခဏခဏချက်စားဖြစ်တယ်... ချက်နည်းလေးလဲ မျှဝေပေးချင်ပါတယ်... လုပ်စားကြည့်ကြပေါ့နော်....

ဝက်ရိုးကို ညကတည်းက၀ယ်ပြီး ဆား သကြား အချိုမှုန့်တွေထည့်လို့ မီးနည်းနည်းနဲ့ ပြုတ်ထားရပါတယ်.... ၀က်ရိုးဆေးတဲ့ခါ ရေနဲ့ပြောင်အောင်ဆေးပြီးရင် ရေနွေးပွက်ပွက်ဆူ လောင်းထည့်ဆေးပြီး သွန်ပစ်ပါတယ်.. ၀က်သားကြိတ်ထားတာကို ငါးဖယ်ခြစ် ဆား သကြားနဲ့ ကြက်ဥအကာ ကော်မှုန့် တို့ထည့် စီးနေအောင်နယ်ပြီး

နှပ်ထားလိုက်ပါ... အူချိုကို မခါးအောင် ဆီနည်းနည်းထည့်ဆေးပြီး ပြုတ်ထားရပါမယ်... အူမကြီးနဲ့ နှလုံးကိုလည်းပြုတ်ထားပေးပါ... အသည်းကိုတော့ ခပ်ပါးပါးလှီးပြီး ရေနွေးပွက်ပွက်ဆူထဲ ခဏထည့်ပြီးပြန်ဆယ်ထားပါ... အသည်းက အကြာကြီးပြုတ်ထားရင် မာသွားတတ်တယ်လေ... ငုံးဥလည်း ပြုတ်ပြီးအခွံခွာထားရပါမယ်... နောက်ထပ်အရေးကြီးတာကတော့ မုန့်ညင်းစိမ်းပါ... အဲဒီမုန်ညင်းစိမ်းမပါရင် ကြေးအိုးနံ့ မရတော့ပါဘူး... စလုံးကဆို Fair Price မှာရှိတတ်ပါတယ်... Da Chai or Local Mustard လို့ခေါ်ပါတယ်...

စားခါနီးကျရင် ၀က်ရိုးပြုတ်ရည်ကို တစ်ပွဲစာထည့်ပြီး တည်ထားပါ... ဆူလာရင် ၀က်သားနှပ်ထားတာလေးကို လုံးပြီးထည့်ပါ... ကလီစာတွေကိုလည်း ထည့်ပြုတ်ပါ... ဆား သကြား အချိုမှုန့် လိုသလောက်ထည့်ပါ... ရေစိမ်ထားတဲ့ ကြာဆံကိုလဲ ထည့်ပြုတ်ပါ... ကြာဆံနူးခါနီးရင် ငုံးဥ မုန့်ညင်းစိမ်းနဲ့ ကုချိုင်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ... ကြေးအိုးဆီချက်ကြိုက်ရင်တော့ အရည်စစ်ပြီး ဆီချက်လေးချက်ထားတာရယ် ပဲငံပြာရည်လေးရယ်နဲ့ နယ်စားယုံပါပဲ... စစ်ထားတဲ့အရည်ကိုတော့ ငရုတ်ကောင်းလေးထည့်သောက်ပေါ့...

အချဉ်ရည်ကတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ထောင်းထားတာကို Chilli Sauce နဲ့ ဖျော်လိုက်ယုံပါပဲ... ကဲ သုံးဆောင်သွားပါဦးနော်....




အုန်းနို့ခောက်ဆွဲ

ကိုယ်ချက်တဲ့ အုန်းနို့ခေါက်ဆွဲဆို ကိုယ့်ကျားကျားက သိပ်ကြိုက်တာ.. လွယ်ကူပြီး အရသာရှိတာမို့ ကျားကျားတောင်းဆိုတိုင်း ခဏခဏချက်ဖြစ်ပါတယ်..

လိုအပ်သမျှ

အုန်းနို့
ပဲမှုန့်အစိမ်း
ကြက်သား ကြက်ရိုး
ဂျုံခေါက်ဆွဲ
ကြက်သွန် ဖြူ နီ ချင်း
အရောင်တင်မှုန့် နနွင်းမှုန့်
ငံပြာရည် ဆား သကြား

ပထမဦးစွာ ကြက်ရိုးတွေကို ငံပြာရည် နည်းနည်းထည့်ပြီး ပြုတ်ပါတယ်... ကြက်သားတွေကို အတုံးသေးသေးတွေ တုံးထားပြီး ကြက်သွန် ဖြူနီ ချင်းတွေထောင်း အရောင်တင်မှုန့် နနွင်းမှုန့်တွေနဲ့ ဆီသတ် အရသာအတွက် ဆား ငံပြာရည်ထည့်ပါတယ် အသားတွေနူးလောက်ရင် အုန်းနို့ထည့်ချက်ပါတယ်... ပဲမှုန့်အစိမ်းကို ရေနဲ့ဖျော်ပြီး အရိုးပြုတ်အိုးထဲ လောင်းထည့်ပြီး စိမ်းနံ့ပျောက်တဲ့အထိ ကျိုပါတယ်.. ပဲစိမ်းနံ့ပျောက်ရင် ကြက်သားချက်ထားတာကို ထည့်ချက်ပါတယ်.. ကြက်သွန်နီဥသေးသေးတွေထည့် ကြက်ဥ့ပြုတ်ပါးပါးလှီးထည့်ပြီး ခပ်ကြာကြာလေး တည်ထားလိုက်ရင် ရပါပြီ.. အချိုကြိုက်ရင် သကြားထည့်ပါ.. ကြက်သွန်နီ ပါးပါးလှီးထားတာနဲ့ အကြွပ်ကြော် ငရုတ်သီးမှုန့်ထည့်စား ရှောက်ရည်လေးဖြန်းတော့ အအီပြေပါတယ်နော်..



Monday, October 8, 2012

ကြက်သားနဲ့မုန်လာဥ အစပ်ချက်



လိုအပ်သမျှ

ကြက်သား
မုန်လာဥ
ငရုတ်သီးစိမ်း
ငပိစိမ်းစား
နနွင်းမှုန့်
ကြက်သွန်နီ
ဆီ
နံနံပင်

ကြက်သားတွေကို အနေတော်အတုံးကလေးတွေတုံးပြီး ဆားနနွင်းနယ်ထားပါ.. မုန်လာဥကို လေးထောင့်တုံးလေးတွေ လှီးထားပါ.. ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ရောထောင်းထားပါ.. အားလုံးအဆင်သင့်ဖြစ်ရင် အိုးတလုံးထဲကို အားလုံးရောထည့် ငပိစမ်းစားနည်းနည်း ဆီနည်းနည်းထည့်ပြီး တည်ပါ.. တဆစ်ဆစ်မြည်လာရင် ရေသင့်ယုံထည့်ပြီး အပေါ့အငန်အတွက် ဆားထည့်ပါ.. ကြက်သားနဲ့မုန်လာဥက အတူတူလောက်နူးပါတယ်.. အဲသည်တော့မှ  နံနံပင်လေး  အုပ်ပေးပါ..

ကျန်းမာရေနဲ့ညီညွတ်ပြီး ခံတွင်းလိုက်စေမယ့် ကြက်သားမုန်လာဥ အစပ်ချက်လေး ရပါပြီ.. 

Monday, September 10, 2012

ငါးသလဲထိုးအိုးကပ်

အရင်တစ်ပတ်က ဖဘမှာ သူများချက်စားတာမြင်လို့ လိုက်ချက်ဖြစ်သွားတာလေးပါ.. ကျားကျားကတော့ အကြွပ်ကြော်ကို ပိုကြိုက်တယ်.. အကြွပ်ကြော်က ဟင်းမဖြစ်ဘူးလေ.. ကြော်ရင်းစားရင်းနဲ့ ကုန်ရော.. ဟင်းဖြစ်အောင် အိုးကပ်လေးချက်စားပါတယ်.. ပင်စိမ်းလေးအုပ်ရရင် ပိုမွှေးမှာ.. မရှိတော့လဲ ရှိတဲ့နံနံပင်လေးပဲ အုပ်ချက်လိုက်တယ်.. မွှေးတော့မွှေးသား..

လိုအပ်သမျှ

ငါးသလဲထိုး
ကြက်သွန်ဖြူ + နီ + ဂျင်း
ငရုတ်သီးအရောင်တင်မှုန့် + နနွင်းမှုန့်
ခရမ်းချဉ်သီး
နံနံပင်
ဆီ + ငံပြာရည်

ငါးသလဲထိုးကို ရေစင်စင်ဆေးပြီး ဆား နနွင်းနယ်ထားပါ.. ကြက်သွန်တွေ ဂျင်းတွေကို ညက်အောင်ထောင်းထားပါ.. အိုးထဲဆီထည့်ပြီး ဆီပူလာရင် ထောင်းထားတာတွေထည့်ပြီး ငရုတ်သီးမှုန့် နနွင်းတို့နဲ့ဆီသတ်ပါ.. အနံ့လေးမွှေးလာမှ ခရမ်းချဉ်သီးထည့်ပြီး ငံပြာရည်နည်းနည်းဖြန်းပေးပါ.. ခရမ်းချဉ်သီးတွေကြေသွားမှ ငါးနယ်ထားတာထည့်ပြီး ရေနည်းနည်းထည့်ပေးပါ.. အိုးကိုမွှေရင် ကြေတတ်လို့ လှုပ်ရုံလေးလှုပ်ပေးပါ.. ရေခမ်းလာရင် နံနံပင်အုပ်ပေးပါ.. မီးလျှော့ပြီး အိုးကပ်နံ့လေး မွှေးလာတဲ့အထိ တည်ပေးပါ.. ငါးသလဲထိုးအိုးကပ်ရပါပြီ..


Wednesday, September 5, 2012

ငါးပဲငပိ



လိုအပ်သမျှ

တီလားပီးယားငါး
ပဲငပိအချို
ကြက်သွန်နီ
ဆား၊ နနွင်းမှုန့်
ဆီ

တီလားပီးယားငါးကို လေးပိုင်းပိုင်း ဆား နနွင်းနယ်ပြီး ကြော်ပါတယ်.. ဟင်းအနှစ်နဲ့စားမှာမို့ အရမ်းကြွပ်အောင် မကြော်ပါဘူး.. ကြက်သွန်နီကို အကွင်းလိုက်လှီးပြီး ဆီသတ် ပဲငပိလေးလောင်းထည့်ပြီး ရေနည်းနည်းခမ်းအောင် ချက်ပေးပါ.. ၃မိနစ်လောက်နေရင် ကြော်ထားတဲ့ငါးကြော်တွေပေါ် ဟင်းအနှစ်လောင်းပြီး စားလို့ရပါပြီ..




Tuesday, September 4, 2012

ကန်ဇွန်းရွက်ငပိကြော် (Sambal Kang Kong)




လိုအပ်သမျှ
 
ကန်ဇွန်းရွက်
ဆီ
ပုဇွန်ခြောက်မှုန့်
ဆမ်ဘားငရုတ်နှစ်
ကြက်သွန်ဖြူ

ကန်ဇွန်းရွက်တွေကို ခြွေပြီးရေစင်စင်ဆေးပါ.. ဆီအိုးတည်ပြီး ဆီပူလာရင် ကြက်သွန်ဖြူထောင်းထားတာထည့်ပြီး ဆီသတ်ပါ.. ပုဇွန်ခြောက်မှုန့်နဲ့ ငရုတ်နှစ်တွေထည့်ပြီး မွှေပေးပါ.. အနံ့မွှေးလာရင် ကန်ဇွန်းရွက်တွေထည့်ပြီး အနည်းငယ်နွမ်းအောင် ကြော်ပေးပါ.. စလုံးက ပင်လယ်စာစားသောက်ဆိုင်တွေမှာ အများစုစားလေ့ရှိတဲ့ ကန်ဇွန်းရွက်ငပိကြော်လေး ရပါပြီ..

Monday, September 3, 2012

မြီးရှည်


လိုအပ်သမျှ

ဝက်နံရိုး
နန်းလတ်မုန့်ဖတ်
ပဲငပိ (အချို + အငံ)
ပဲငံပြာရည်အပျစ်
ဆီတိုဖူး
ရှမ်းချဉ်
ကြက်သွန်ဖြူ
ကော်မှုန့်
ငရုတ်သီးခွဲခြမ်း
နှမ်း
ပဲပုတ်ပြား


ပထမဆုံး ၀က်နံရိုးတွေကို ရေနွေးပူနဲ့ဆေးပြီး ပြုတ်ပါမယ်.. ကြက်သွန်ဖြူကို ညက်ညက်ထောင်းပြီး ရေနွေးလောင်းထည့် ဆားနည်းနည်းထည့်ပြီး ဖျော်ထားပါ.. ဆီတိုဖူးကိုလဲ ရေနွေးနဲ့ဖျော်ထားရပါမယ်.. ပဲငပိကို အချိုနဲ့အငံရောဖျော်ထားပေးပါ.. ရှမ်းချဉ်တွေကို ပါးပါးစဉ်းထားပါတယ်.. ပဲပုတ်ပြားကို မီးကင်ပြီး ညက်အောင်ထောင်းထားပါတယ်.. ငရုတ်သီးခွဲခြမ်းနဲ့ နှမ်းကို ဆီပူလောင်းပြီး တစ်ခွက်စီပြင်ထားပါ.. ကော်ရည်ကျိုထားပါ.. အားလုံးအဆင်သင့်ဖြစ်ရင် ၀က်နံရိုးတွေလဲ နူးလောက်ပြီလေ.. အသားနွှင်ပြီး ပြုတ်ရည်နည်းနည်းလောင်းထည့်ထားပါ.. ပြုတ်ရည်ထဲကို ဂျင်းနည်းနည်း လှီးထည့် ငရုတ်ကောင်းမှုန့်ဖြူးပါ.. လွယ်ကူမြန်ဆန်ခံတွင်းမြိန်စေမယ့် မြီးရှည်စားလို့ရပါပြီ..

Tuesday, August 28, 2012

ဘာလချောင်ကြော်၊ ကြက်ဥကြော်နဲ့ ပဲနီလေးဟင်းချို

ကျွန်မဖေဖေ သိပ်ကြိုက်တဲ့ဟင်းစပ်လေးပါ.. ထမင်းကို ပဲဟင်းလေးနဲ့နယ် ဘာလချောင်ကြော်ကို သခွားသီးလေးနဲ့မြှုပ်ပြီးတစ်လုပ်စား.. ကြက်ဥကြော်လေးနဲ့တစ်လုပ်စား.. မြိန်မှမြိန်ပေါ့.. ချက်ရတာလဲ လွယ်တယ်လေ..

ဘာလချောင်ကြော်အတွက်

ပုဇွန်ခြောက်မှုန့်
ငရုတ်သီးအရောင်တင်မှုန့်
ငံပြာရည်
ဆီ
ကြက်သွန်ဖြူကြော်
ကြက်သွန်နီကြော်

ကြက်သွန်ဖြူ၊ နီတွေကို ကိုယ်တိုင်ကြော်ရင်တော့ ပိုကြာမှာပေါ့.. ကျွန်မက ကြော်ပြီးသားအဆင်သင့်ဝယ်လိုက်တယ်.. ဒယ်အိုးထဲကို ဆီထည့်.. ငရုတ်သီးအရောင်တင်မှုန်ထည့်ပြီး ဆီသတ်ပါ.. အစပ်စားချင်ရင် ငရုတ်သီးခွဲကြမ်းနဲ့ကြော်ပါ.. ငရုတ်သီးမှုန့်စိမ်းနံ့ပျောက်ပြီး မွှေးလာမှ ပုဇွန်ခြောက်မှုန့်ထည့်ပြီး ငံပြာရည်နည်းနည်းဖြန်းပေးပါ.. ခြောက်ပြီးမွလာတဲ့အထိကြော်ပြီး အအေးခံထားပါ.. အေးသွားမှ ကြက်သွန်ကြော်တွေထည့်ပြီး သမအောင်မွှေလိုက်ပါ.. အရသာရှိလှတဲ့ ဘာလချောင်ကြော်ရပါပြီ..

ပဲနီလေးဟင်းချိုအတွက်

ပဲနီလေး
ကြက်သွန်နီ
နနွင်းမှုန့်
ဆီ

ပဲနီလေးကို ရေများများထည့်ပြီးပြုတ်ပါ.. ပဲနူးသွားရင် ကြက်သွန်နီပါးပါးလှီးထားတာကို ဆီနည်းနည်းနဲ့ နနွင်းလေးနဲ့ဆီသတ်ပြီး ထည့်ပေးပါ.. ဆားလိုသလောက်ထည့်ရင် ရပြီပေါ့..

ကြက်ဥကြော်အတွက်

ကြက်ဥ
ကြက်သွန်နီ
ဆီ

ကြက်သွန်နီကိုပါးပါးလှီးပြီး နည်းနည်းနွမ်းအောင်အရင်ကြော်ပါတယ်.. ပြီးမှ ကြက်ဥခေါက်ထားတာလောင်းထည့်တာပေါ့.. ကျွန်မကတော့ ကြွပ်အောင်ကြော်တာကြိုက်ပါတယ်..

ကဲ.. စားကြရအောင်နော်..


Sunday, August 26, 2012

အစုံသုပ်


ကျွန်မကျားကျားရဲ့ တောင်းဆိုချက်အရ လုပ်စားကြတဲ့ အစုံသုပ်ပါ.. အမယ်များလေ လက်ဝင်လေပေါ့..



လိုအပ်သမျှ

ဂျုံကြာဆန်၊ ဂျုံခေါက်ဆွဲ
ပဲပြား
ပဲပင်ပေါက်
သင်္ဘောသီး
ဂေါ်ဖီထုပ်
သခွားသီး
အာလူး
ကြက်သွန်ဖြူ+နီ
မကျည်းသီးမှည့်
ငံပြာရည်
ဆီ+နနွင်းမှုန့်+ငရုတ်သီးမှုန့်
ပဲမှုန့်
ပုဇွန်ခြောက်မှုန့်

ဂျုံကြာဆန်ကို ရေစိမ်ထားတုန်း သင်္ဘောသီးကိုခြစ်ထား.. ဂေါ်ဖီ၊ ကြက်သွန်နီ ပါးပါးလှီးထား.. ပဲပင်ပေါက်ကို ရေနွေးဖျောထားရပါမယ်.. အာလူးကိုတော့ပြုတ်ပြီးပါးပါးလှီး.. ပဲပြားကို ရွှေရောင်သန်းလာအောင် ကြော်ပြီးညှပ်ထားပါ.. ထမင်းနည်းနည်းကို ငရုတ်သီးရောင်တင်မှုန့် ဆီသတ်ထားတာလေးနဲ့ ဖွဖွနယ်ထားပါ.. ကြက်သွန်ဖြူထောင်းထားတာကို နနွင်းမှုန့်လေးနဲ့ ဆီချက်ဝါ၀ါလေး ချက်ထားပါ.. အချဉ်ရည်အတွက် မကျည်းသီးမှည့်ရေဖျော်ထားတာထဲ ကြက်သွန်ဖြူနည်းနည်းထောင်းထည့် ငရုတ်ဆီနည်းနည်းရောထည့်ပါတယ်.. ရေစိမ်ထားတဲ့ကြာဆန်ကို ပြုတ်ရပါမယ်.. ပဲမှုန့်တွေ ပုဇွန်ခြောက်မှုန့်တွေ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အသုပ်စုံစားလို့ရပါပြီ.. အစာပလာတွေအစုံထည့်ပြီး နှံ့အောင်နယ်လိုက်ရင် အိုကေပြီပေါ့.. ချဉ်ငံစပ် ကြိုက်သလိုသာသုပ်စားပေတော့.. ဟင်းခါးလေးနဲ့ဆို လိုက်မှလိုက်.. ကျွန်မကတော့ အိမ့်စည်းစိမ်အထုပ်ဖောက်ချက်ပြီး ဂေါ်ဖီခတ်လိုက်တယ်.. ကောင်းမှကောင်းနော်..

Friday, August 10, 2012

ဝါတွင်းမှာသက်သတ်လွတ်စားရအောင်

ဝါတွင်းကာလမှာ သက်သတ်လွတ်စားကြမယ့်သူတွေအတွက် တနေ့ကချက်စားဖြစ်တဲ့ သက်သတ်လွတ်ဟင်း အလွယ်လေးတွေပါ.. ဟင်းစပ်လေးက ခံတွင်းလိုက်စေတာတော့အမှန်.. ကျားကျားကတောင်ပြောနေတယ်.. ခုလိုမျိုးဟင်းတွေနဲ့သာဆို တသက်လုံးတောင် သက်သတ်လွတ်စားနိုင်တယ်တဲ့..

ပဲပြားသုပ်အတွက်

ပဲပြား
သခွားသီး
ကြက်သွန်ဖြူ + နီ
ဆီ + ဆား
ပဲမှုန့် + ငရုတ်သီးမှုန့်
မကျည်းသီးမှည့်

ပဲပြားတစ်တုံးစီကို ၄ချပ်လှီးပြီး ဆီများများထဲမှာ နှစ်ကြော်ပါတယ်.. ရွှေရောင်သန်းပြီး ကြွတက်လာမှ နောက်တစ်ဖက်ကိုလှန်ပေးပါ.. မဟုတ်ရင်ကျေမွသွားတတ်လို့.. ကြော်ပြီးတဲ့ပဲပြားတွေကို စကာလေးထဲမှာ ဆီစစ်ထားတုန်း အသုပ်အတွက် ကြက်သွန်ဖြူဆီချက်ချက်ပါ.. သခွားသီးကို ချောင်းသေးသေးလေးတွေရအောင် လှီးထား ကြက်သွန်နီကိုလဲ ပါးပါးလှီးပြီး ရေဆေးထားပေါ့.. မကျည်းမှည့်လေးကို ရေနွေးလေးနဲ့ပျစ်ပျစ်ဖျော်ထားပါ.. အားလုံးအဆင်သင့်ဖြစ်ပြီဆို ပဲပြားကြော်ကိုညှပ်.. အဆာပလာတွေထည့်ပြီး နှံ့အောင်နယ်လိုက်ရင် အရသာရှိလှတဲ့ သက်သတ်လွတ်ပဲပြားသုပ်ရပါပြီ..


ကန်ဇွန်းပလိန်းအတွက်

ကန်ဇွန်းရွက်
ကြက်သွန်ဖြူ
ဆီ + ဆား
ကော်မှုန့်

ကန်ဇွန်းရွက်ကို အရွက်သပ်သပ် အရိုးသပ်သပ်ခြွေထားပါ.. အရိုးကို ထက်ခြမ်းခွဲပြီးခြွေရင် ပိုစားကောင်းပါတယ်.. ကြက်သွန်ဖြူခပ်များများလေး ခွာပြီးထုထားပါ.. ဆီနည်းနည်းနဲ့ကြော်ပါမယ်.. ဆီပူလာရင် ကြက်သွန်ဖြူထည့် ကြက်သွန်ဖြူနွမ်းလာရင် ကန်ဇွန်းရိုးတွေအရင်ထည့်ပါ.. အရိုးလေးတွေစိမ်းရင့်ရောင်ပေါက်လာမှ အရွက်တွေထည့်.. ဆားထည့် ကော်မှုန့်လေးရေအေးနဲ့ဖျော်ထားတာလောင်းထည့်ပြီး ပူပူနွေးနွေးသုံးဆောင်ပါ..


ခရမ်းချဉ်သီးနမ့်ဖစ်ထောင်းအတွက်

ခရမ်းချဉ်သီး
ပဲပုတ်ပြား
ကြက်သွန်ဖြူ
ငရုတ်စိမ်း + နံနံပင်

ခရမ်းချဉ်သီးနဲ့ ပဲပုတ်ပြားကို မီးကင်ရပါမယ်.. ကျွန်မကတော့ မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး အပူပေးလိုက်တယ်.. ကြက်သွန်ဖြူနဲ့ ငရုတ်စိမ်းကို ညက်အောင်ထောင်းပြီး ပဲပုတ်ကင်လေးပါထည့်ထောင်းပါ.. ခရမ်းချဉ်သီးကို အခွံတွေဖယ်ပြီး အသားချည်းချေထားပါ.. ထောင်းထားတာတွေကို ခရမ်းချဉ်သီးထဲရောထည့် နံနံပင်ညှပ်ထည့် ဆားနည်းနည်းထည့်လိုက်ရင် နမ့်ဖစ်ထောင်းလေးရပါပြီ..


ကျွန်မတို့ရဲ့ သက်သတ်လွတ်ထမင်းပွဲပါ.. ပဲနီလေးဟင်းချိုလေးပါချက်လိုက်တော့ ပိုပြီး စိုပြေသွားတာပေါ့..

ကြာဆန်ချက်နဲ့ ရှောက်သီးသုပ်

ခုလိုမိုးအေးအေးမှာ ကြာဆန်ချက်ပူပူလေးနဲ့ ရှောက်သီးသုပ်ချဉ်ငံစပ်လေးက သိပ်ကိုလိုက်ဖက်တဲ့ ဟင်းစပ်လေးပါပဲ.. နလံထခံတွင်းပျက်နေသူတွေအတွက် ခံတွင်းလိုက်စေမှာ အသေအချာပဲနော်..

ကြာဆန်ချက်အတွက်

ပဲကြာဆန်
မှိုခြောက်ပန်းခြောက်၊ ပဲလိပ်
ကြက်သား + ကြက်ရိုး
ငုံးဥ
ငံပြာရည်
ကြက်သွန်ဖြူ + နီ
နနွင်းမှုန့် + ငရုတ်သီးအရောင်တင်မှုန့်
ငရုတ်ကောင်းမှုန့်

ပဲကြာဆန်နဲ့မှိုခြောက်ပန်းခြောက် ပဲလိပ်တွေကို ရေစိမ်ရပါမယ်.. စိမ်ထားတုန်း ကြက်ရိုးတွေကိုပြုတ်ထား ငုံးဥကိုလဲပြုတ်ထား ကြက်သားတွေကို ပါးပါးလှီးထားပေါ့.. နာရီဝက်လောက်စိမ်ထားပြီးရင် ဆီသတ်ရပါမယ်.. ဆီပူလာရင် ကြက်သွန်နီထောင်းထားတာထည့် နနွင်းမှုန့်လေးထည့် ကြက်သွန်နွမ်းလာရင် ငရုတ်သီးအရောင်တင်မှုန့် ထည့်ပြီးမွှေးလာတဲ့အထိ ဆီသတ်ပါ.. မွှေးလာရင် ကြက်သားလှီးထားတာထည့်ပြီးလုံးပါ.. ငံပြာရည်ထည့်ပါ.. ကြက်သားလေးတွေ အရေတင်းလာရင် ကြာဆန်၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်တွေပါရောထည့်ပြီးလုံးပါ.. ရေခြောက်သွားပြီး ကြာဆန်လေးတွေကျစ်သွားမှ ကြက်သားပြုတ်ရည်တွေကို လောင်းထည့်ပြီးဆူပွက်လာအောင်တည်ပါ.. အိုးမကပ်စေဖို့ မကြာခဏ မွှေပေးပါ.. ငုံးဥပြုတ်နဲ့ ကြက်သွန်နီဥသေးသေးလေးတွေလဲ ထည့်ပေးပါ.. ဟင်းအိုးချခါနီးမှ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းထောင်းထားတာလေး ထည့်ပြီးမွှေပါ.. အပေါ့အငန်မြည်းပြီး လိုအပ်ရင် ဆားထည့်ပါ.. အရသာရှိလှတဲ့ကြာဆန်ချက်ရပါပြီ.. ကြက်သွန်နီပါးပါးလှီးထားတာရယ်.. ငရုတ်သီးမှုန့်ရယ် ရှောက်ရည်လေးရယ်.. နဲနဲပင်လေးရယ်ထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်..


ရှောက်သီးသုပ်အတွက်

ရှောက်သီး
ကြက်သွန်နီ
ငရုတ်သီးစိမ်း
ငပိစိမ်းစား
ပုဇွန်ခြောက်မှုန့်
ဆား

ရှောက်သီးကိုမွှာပြီး ဆားရည်ထဲစိမ်ပါ.. ကြက်သွန်နီပါးပါးလှီးပါ.. ငပိကို မွှေးနေအောင်ကင်လိုက်ပါ.. ရှောက်သီးရေစစ်ပြီးသားရယ်.. ကြက်သွန်နီလှီးထားတာရယ်ထဲကို ငပိကင်ထည့် ပုဇွန်ခြောက်မှုန့်ထည့် ငရုတ်သီးစိမ်းညှပ်ထည့် ဆားနည်းနည်းထည့်ပြီး နှံ့အောင်နယ်လိုက်ယုံပါပဲ..



ကဲ.. အားလုံးပဲ.. မိုးအေးအေးမှာ ကြာဆန်ချက်နဲ့ ရှောက်သီးသုပ်လေး စားလိုက်ကြရအောင်နော်..

Wednesday, August 31, 2011

သရက်သီးငပိကြော်


မနေ့က သရက်သီးငပိကြော်လေးကြော်ဖြစ်တယ်.. ထုံးစံအတိုင်း မျက်နှာစာအုပ်မှာတင်မိတော့ ချက်နည်းလေးမေးထားတဲ့သူတွေရှိတာနဲ့ ဘလော့မှာရေးဦးမှလို့ အကြံရသွားတယ်.. သိချင်သူတွေလဲ သိရအောင်ပေါ့.. ဘာမှခက်တာတော့မဟုတ်ပါဘူး.. လွယ်လွယ်လေးရယ်..

ပါဝင်သောပစ္စည်းများ

သရက်သီးအလတ်စားတစ်လုံး (ချဉ်လေကောင်းလေ)
ဆီ ၂ကျပ်ခွဲသားခန့်
ကြက်သွန်နီ ၁ဥ (အကြီး)
ပုဇွန်ခြောက်မှုန့် လက်တစ်ဆုပ်ခန့်
ငပိစိမ်းစား ကွမ်းသီးလုံးခန့်
ငရုတ်သီးခွဲခြမ်း စားပွဲဇွန်း ၂ဇွန်းမောက်မောက်
ငရုတ်သီးစိမ်း ၇တောင့်
ဆား ဆနွင်း ဟင်းခတ်မှုန့် ငံပြာရည် အနည်းငယ်စီ

သရက်သီးကို အခွံခွာပြီး အမျှင်လေးတွေဖြစ်အောင် အရင်ခြစ်ထားရပါမယ်.. အိုးထဲကို ဆီထည့်ပြီးတည်.. ဆီပူလာရင် ဆနွင်းမှုန့် ကြက်သွန်နီပါးပါးလှီးထားတာထည့်ပြီး ဆီသတ်ပါတယ်.. ကြက်သွန်နည်းနည်းနွမ်းလာရင် ငရုတ်သီးခွဲခြမ်းပါထည့်ပြီး အဆက်မပြတ်မွှေပေးပါ.. ငရုတ်သီးစိမ်းကိုလဲ ညှပ်ထည့်ပါတယ်.. စိမ်းနံ့ပျောက်သွားရင် ငံပြာရည်နည်းနည်းလောင်းပြီး ပုဇွန်ခြောက်လေးပါ ရောထည့်ပါတယ်.. ဆီပြန်လာတဲ့အခါ ခြစ်ထားတဲ့သရက်သီးတွေထည့်ပြီး မွှေပေးပါ.. ငပိစိမ်းစားကိုလဲ ရေဖျော်ပြီး လောင်းထည့်ပါတယ်.. ပေါ့အငန်မြည်းပြီး ဆားနည်းနည်း ဟင်းခတ်မှုန့်နည်းနည်းလဲ ထည့်ရပါတယ်.. သရက်သီးတွေအိသွားပြီး ဆီပြန်လာရင်တော့ အနံ့အရသာနဲ့ပြည့်စုံပြီး ထမင်းမြိန်စေမယ့် သရက်သီးငပိကြော်လေးတခွက် ရပါပြီရှင်..း)



Tuesday, August 30, 2011

အားလပ်ရက်မှာ ချက်ဖြစ်တာလေးတွေ


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မနက်မိုးလင်းတာနဲ့ ကျားကျားကမေးတယ်.. မိန်းမရေ ဘာချက်စားကြမလဲတဲ့.. ၀က်သားဒုတ်ထိုးနဲ့ ၀က်ခြေထောက်စွပ်ပြုတ် စားရအောင်လဲဆိုရော ဖြစ်သွားတဲ့မျက်နှာပြုံးပြုံးကြီးများ မြင်စေချင်ပါ့.. သူအရမ်းကြိုက်တဲ့ အစားအစာတွေဆိုတော့ ပျော်သည်ပေါ့..

အန်တီယူစီမှာ ဈေးသွားဝယ်တော့ ၀က်ကလီစာက များများစားစာမရှိ.. ရှိတဲ့ အူချိုလေးတွေရယ် လျှာနဲ့ အူမကြီးရယ်ပဲ ရလာတယ်.. အိမ်ရောက်တော့ ကလီစာတွေကို ဆေးကြောပြီး ဆား သကြား ပဲငံပြာရည် (အကြည် အနောက်) ခရုဆီ ငရုတ်ကောင်း တရုတ်မဆလာ စတာတွေနဲ့နယ်ပြီး နာရီဝက်လောက်နှပ်ထားလိုက်တယ်.. ၀က်ခြေထောက်ကိုတော့ တုံးတစ်ပြီး ရေနွေးနဲ့ဆေးပါတယ်.. ပြီးတော့ သကြား ဆား ပဲငံပြာရည်အချိုတို့နဲ့နယ်ပြီး အိုးထဲမှာ လှိမ့်ပေးပါတယ်.. ကြက်သွန်ဖြူထုထားတာလေးလဲ ထည့်ပါတယ်.. အခေါက်တွေနည်းနည်းရဲလာမှ ရေထည့်ပြီး မီးအနေတော်နဲ တည်ထားလိုက်ပါတယ်..

နှပ်ထားတဲ့ကလီစာတွေကို နာနတ်ပွင့်လေး ဂျင်းလေး နဲ့ ဆီနည်းနည်းထည့်ပြီး လုံးပေးပါတယ်.. ထန်းလျှက်ခဲလေးလဲ ၂လုံးလောက်ထည့်လိုက်တယ်.. နည်းနည်ခြောက်လာမှ ရေမြုပ်အောင်ထည့်ပြီး နူးအောင်တည်ပါတယ်.. ကြာဆန်တွေကို ရေစိမ်ပြီး.. မုန်လာဥနီ ဘေဘီပြောင်းဖူး ဂေါ်ဖီထုပ်တို့နဲ့ ကြော်ထားလိုက်ပါတယ်.. ကြာဆန်ကြော်နဲ့စားဖို့ အချဉ်ရည်ကိုတော့ ချီလီဆော့ရယ် မန်ကျည်းရည်ရယ်ကိုရော ငရုတ်သီးစိမ်း ကြက်သွန်ဖြူထောင်းထားတာရယ်.. ငံပြာရည် ပဲမှုန့်အကျက်မှုန့် ငရုတ်သီးအကျက်မှုန့် သကြားနည်းနည်း နံနံပင်တို့နဲ့ မော်လမြိုင်ချဉ်လေးဖျော်လိုက်တယ်.. အသားတွေနဲ့စားဖို့ကတော့ ချီလီဆော့ထဲကို ကြက်သွန်ဖြူ ငရုတ်စိမ်းထောင်းထည့်ပြီး သံပုရာသီးလေး ညှစ်ထည့်လိုက်တာပေါ့..

၁နာရီလောက်အကြာမှာတော့ ကလီစာတွေလဲနူး.. ၀က်ခြေထောက်လဲနူးပြီမို့.. ပွဲတော်တည်လို့ ရပြီပေါ့ကွယ်..




Thursday, August 25, 2011

မြူးမြူးဟင်းချက်နေသည်


ကျွန်မက အချက်အပြုတ်ကို အရမ်းဝါသနာပါတယ်.. အိမ်မှုကိစ္စတွေထဲမှာ အကြိုက်ဆုံးက အချက်အပြုတ်ပေါ့.. စားမယ့်လူရှိလို့ကတော့ မီးဖိုချောင်ထဲက မထွက်စတမ်းကို ချက်နေချင်တာ.. ကိုယ်ချက်တဲ့အစားအစာတွေကို သူများတွေနှစ်သက်ကြတယ်ဆို ပျော်တပြုံးပြုံးပေါ့..

ငယ်ငယ်လေးကတည်းက အိုးပုတ်လေးတွေနဲ့ ကစားကြပြီဆို တကယ်ဟင်းချင်သလို ချက်ပြီးကစားတာ.. အိုးသေးသေးလေးထဲမှာ ဖယောင်းတိုင်မီးနဲ့ချက်တဲ့ သဲတကျိကျိ ဟင်းလေးတွေက ကျွန်မရဲ့လက်တည့်စမ်း လက်ရာလေးတွေပေါ့.. မှတ်မှတ်ရရ ပထမဆုံး ဟင်းချက်ခွင့်ရတာက ကျွန်မရဲ့ ၁၂နှစ်ပြည့်မွေးနေ့မှာပေါ့.. စချက်ဖူးတဲ့ဟင်းက ဂေါ်ရခါးသီးကို ကြက်ဥနဲ့ကြော်တာလေ.. ပထမဆုံမြည်းခွင့်ရသူကတော့ ကျွန်မရဲ့ဖေဖေပေါ့.. ဖေဖေက စားကောင်းလိုက်တာဆိုလို့ ကျွန်မမှာ ဘ၀င်တွေကိုမြင့်လို့..

ကျွန်မတို့က အဘိုးအဘွားတွေနဲ့နေတာဆိုတော့ အဘွားကသူကိုယ်တိုင်ပဲ ချက်ပြုတ်နေချင်တတ်သူမို့ မီးဖိုချောင်နားတောင် သိပ်သီခွင့်မရခဲ့ဘူး.. အဖွားဟင်းချက်နေတုန်း မီးဖိုချောင်ထဲသွားမိရင် ရှုပ်လိုက်တာဆိုပြီး မောင်းထုတ်ခံရတတ်တယ်.. ကျွန်မကတော့ ပေကတ်နေပြီး အဘွားဘယ်လိုချက်လဲဆိုတာ လိုက်ကြည့်တာပဲ.. လက်တည့်စမ်းခွင့်ကိုလဲ အမြဲချောင်းနေတာ.. ၁၀တန်းအောင်ပြီးလို့ အဆောင်သွားနေဖြစ်တော့မှ ကိုယ်တိုင် စိတ်တိုင်းကျ ချက်စားဖြစ်တယ်.. အဆောင်မှာဆိုတော့ သိပ်အများကြီးမချက်ဖြစ်သေးပါဘူး.. တယောက်စာလေးဆိုတော့ အရွက်ဟင်းလေးတွေပဲများတယ်.. အိမ်ကလဲ အခြောက်အခြမ်းလေးတွေ ထည့်ပေးလိုက်သေးတာကိုး.. အများဆုံးလုပ်ဖြစ်တာကတော့ အသုပ်တွေပေါ့.. ရှောက်သီးသုတ်.. မြင်းခွာရွက်သုတ်.. အစုံပဲ..

တကယ်တမ်း သေသေချာချာ မီးဖိုချောင်ဝင်ခွင့်ရတာတော့ စင်္ကာပူကိုရောက်မှပေါ့.. မေမေ့ကို ကျွန်မရဲ့လက်ရာလေးတွေ ချက်ကျွေးဖြစ်တယ်.. အဘွားချက်တာတွေ မှတ်သားထားသမျှ ကောင်းကောင်းအသုံးချတော့တာ.. ကိုယ်တိုင် အတတ်ဆန်းတာလေးတွေလဲ ပါတာပေါ့.. ပျက်တဲ့အခါလဲပျက်.. စားကောင်းတဲ့အခါလဲကောင်းပေါ့.. အိမ်ထောင်ကျလို့ အိမ်ရှင်မနေရာရေက်လာတဲ့အချိန်မှာ ကျွန်မက အချက်အပြုတ်ကို တော်တော်နိုင်နင်းနေပြီ.. ကျွန်မရဲ့မောင်ကလဲ ကျွန်မလက်ရာကို နှစ်သက်တဲ့သူဖြစ်နေလေတော့ မီးဖိုချောင်ကလေးက ကျွန်မရဲ့ အကြိုက်ဆုံးနေရာ ကျွန်မအနေဖြစ်ဆုံးနေရာလေး ဖြစ်လာတော့တာပေါ့.. ဟင်းတွေသာမကပဲ မုန့်ဟင်းခါး ကြာဇံချက် အုန်းနို့ခေါက်ဆွဲ စတဲ့ ရိုးရာအစားအစာတွေကိုလဲ ချက်တတ်လာတယ်..

ကျွန်မမှာ ရေးနေကျဘလော့လေးတွေ ၂ခုတောင်ရှိပြီးသားပါ.. ခုတော့ ဟင်းချက်နည်းလေးတွေချည်းသက်သက် ဘလော့လေးတခုရေးချင်လို့ ကျွန်မရဲ့ မီးဖိုချောင်ဘလော့လေးကို ဖန်တီးဖြစ်ပါတယ်.. အားပေးကြပါဦးနော်..